ရန်ကုန် ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊အလုံခရိုင်၊ကြည်မြင်တိုင်မြို့နယ်ရှိအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ၊ လူအများရှေ့စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကိုယနေ့ မွန်လွဲ(၁)နာရီတွင်ကြည်မြင်တိုင်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့်လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့်ဗလငါးတန်နှင့်ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်နှီးချစ်ခင်မှုများတိုးပွားလာပြီး ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကိုကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အလုံမြို့နယ်တာဝန်ခံပညာရေးမှူး ဦးကျော်ကျော်ထိန်က ကျေးဇူးတင်စကားပြောကြားပြီး လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုး၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် ကြည်မြင်တိုင်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင့်ဝင့်ရီတို့က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က လူငယ် နှင့်ပညာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်စာပေ၊ အစရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ ကြသည်။
ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်များကို တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ ဆက်)