ပြင်ဦးလွင် ဒီဇင်ဘာ ၃၁
ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၃/၂၀၂၂) ဆင်းပွဲကို ယမန်နေ့ ညနေ(၄)နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁)ရှိ ရွှေစင်မင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား များ တက်ရောက်ကြသည် ။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းအောင်ကြည်မှ သင်တန်းဆင်း အမှာစကား ပြောကြားပြီး ပြင်ဦးလွင် ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် ခြင်း၊ ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်းသားများအား သင်တန်းဆင်းပစ္စည်းများ ပေးအပ်ခဲ့၍ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည် ။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ( ၃ / ၂၀၂၂ )ကို (၂၆ - ၁၂ - ၂၀၂၂) ရက်နေ့မှ (၃၀ - ၁၂ - ၂၀၂၂ ) ရက်နေ့အထိ သင်တန်းကာလ ( ၅ ) ရက်ဖြင့် နံနက် (၉:၃၀ )နာရီမှ ညနေ (၄:၃၀) နာရီအထိ သင်တန်းနည်းပြဆရာများမှ အဝတ်လျှော် ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ပန်းကန်ဆေး ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ မှန်ကြည် ဆေးရည်၊ ကိုယ်တိုက်ဆပ်ပြာခဲ၊ မျက်နှာသစ်ဆပ်ပြာခဲ၊ ဆပ်ပြာခရင်၊ အနံ့ဆိုးပျောက်ဆေးရည်၊ ကြွေပြား သန့်စင်ဆေးရည်နှင့် လက်သန့်ဆေးရည် စသည့်တို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြား ပို့ချခဲ့ရာ ပြင်ဦးလွင်မြို့ပေါ်ရှိ ရပ်ကွက်များမှ သင်တန်းသား (၂၀) ဦး တက်ရောက်သင်ကြားပေးခဲ့ ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင် (ပြန်/ဆက်)