တံတားဦး ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် တံတားဦးမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေးကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက တံတားဦးမြို့ အခြေခံပညာဦးစီးဌာ ရတနာထွန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင်ခြင်းသရုပ်ပြပွဲတွင် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာမွန်ဦးက သဘာဝဘေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြောကြားရာတွင် သဘာဝဘေးအန္တရာယ် အမျိုးမျိုးမှ ကြုံတွေ့ရသည့်အခါ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန်ဖြေရှင်းပေးနိုင်ရန် စဉ်ဆက်မပြတ် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသည့် အသွင်သဏ္ဍာန်တူပြုလုပ်၍ လေ့ကျင်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
၎င်းနောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဇာတ်တိုက်လေးကျင့်ခြင်းကိုပြုလုပ်ရာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး၍ ပိမိနေသော လူနာများအား ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ အသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်း၊ အထပ်မြင့် အဆောက်အဦတွင် ပိတ်မိနေသော လူနာအား Hydraulic Cutter ၊ Hydraulic Spreader အသုံးပြုပြီး ကယ်ထုတ်နည်း၊ Lifting Bag အသုံးပြုပြီး ကျောက်ပြားအတွင်း၌ ပိတ်မိနေသူအား ကယ်ထုတ်နည်း၊ Tri-Pod ၊ Carabiner အသုံးပြုပြီး အဆောက်အဦအတွင်း ပိတ်မိနေသူအား ကယ်ဆယ်နည်းနှင့် လူနာအား ရှေးဦးပြုစုခြင်းနည်းများဖြင့် အသက်ကယ်နည်းတို့အား လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး စရှိသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံပြန်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခြင်းတို့အား အဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်ထံမှသိရသည်။ ထို့နောက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် မီးသတ်ဝန်ထမ်းများက သဘာဝဘေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)