ပင်းတယ ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များအား စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းအားဖြင့် စာပေအသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (Youth Club)အဖွဲ့ဝင်များဖြင့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က စာဖတ်ဝိုင်း ကျင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာချစ်နိုင် (စိတ်ပညာ)ရေးသားသည့် “ယဉ်စမ်းပါ့ စိတ်ကူး” စာအုပ်ထဲမှ ယှဉ်ပြိုင်စိတ်ထားဟူသည့် ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် (Youth Club)အဖွဲ့ဝင် မောင်ကောင်းမြတ်ထွေးနှင့် မမြတ်ဆုလွင်တို့က “ပြောသင့်သည့်အချိန်ပြောရမည့်စကား”နှင့် “သမိုင်း၏တန်ဖိုး” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် (Youth Club)အဖွဲ့ဝင်များနှင့် စာအုပ်ပါအကြောင်းအရာများကို ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)