ဥတ္တရသီရိ ဒီဇင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါကျောင်း စာသင်ဆောင်တွင်ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များအကြောင်း၊ လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့စေရန် လိုအပ်ကြောင်း၊ လွတ်လပ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြစေရန် လိုအပ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း လွတ်လပ်ရေးကို အသက်နှင့်ထပ်တူ မြတ်နိုးတန်ဖိုးထားတက်စေရန် လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားကို ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး တက်ရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဦးစီးအရာရှိ ဒေါ်မြစန်းရီက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)