ရန်ကုန် ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်)၌ လူငယ်များ၊ လူအများရှေ့စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့်အသိပညာဗဟုသုတများနှင့်ပြည့်စုံပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီတွင် မှော်ဘီမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(သန္ဓေပင်)ပညာသန္ဓေခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာရန်ကုန်မြောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများသည်အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့်ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည့်ကျောင်းသား၊ ကျောင်းသူအချင်းချင်းရင်နှီးချစ်ခင်မှုများတိုးပွားလာပြီး ယဉ်ကျေးလိမ္မာစွာပြောဆိုဆက်ဆံတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားပြီး မှော်ဘီမြို့နယ်စာပေချစ်သူများအသင်း(Book Club) အတွင်းရေးမှူးစာရေးဆရာဝင်းနွယ်(ပုသိမ်)က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍အခြေခံပညာအထက်တန်းကျောင်း(သန္ဓေပင်)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ညိုညိုမာကကျေးဇူးတင်စကားပြောကြားပြီး လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေအစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများ သက်ဆိုင်ရာခေါင်းစဉ်အလိုက်ပြန်လည်ဆွေးနွေးကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော(၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်များကိုတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်သို့ သုတ၊ ရသစာအုပ်များလှူဒါန်းခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ