တောင်သာမြို့ အခြေခံပညာမူလတန်း(ဥယျာဉ်)ကျောင်း၌ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

တောင်သာ   ဒီဇင်ဘာ   ၃၀

တောင်သာမြို့ အခြေခံပညာမူလတန်း (ဥယျာဉ်) ကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ယနေ့နံနက် (၉) နာရီက အားကစားပြိုင်ပွဲများ ပြုလုပ်လျက်ရှိသည်။

အဆိုပါ ပြိုင်ပွဲများကို အခြေခံပညာမူလတန်း(ဥယျာဉ်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင့်လွင်နှင့် ဆရာ/ဆရာမများကကြီးမှူး၍ကျင်းပခြင်းဖြစ်ပြီး ထုတ်ဆီးတိုးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲစသော ပြိုင်ပွဲများပါဝင်သည်။ အဆိုပါ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများအား လွတ်လပ်ရေးနေ့၌ ဆုများချီးမြှင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

ကျောင်းသား/ကျောင်းသူများ၏ ကာယပိုင်း၊ ဉာဏပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရန်၊ ကျန်းမာရေးနှင့် သက်ဆိုင်သည့်ရောဂါများ ဖြစ်စေနိုင်သည့် အခွင့်အလမ်းများ လျော့နည်းစေရန်နှင့် ကိုယ်ကာယကြံ့ခိုင်ဖွံ့ဖြိုးစေရန် အစရှိသည့် ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးတင့်လွင်က ပြောသည်။

ကျော်မျိုးနိုင်(တောင်သာ)