သရက်ချောင်း ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က သရက်ချောင်းမြို့၊ မီးသတ်ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များတက် ရောက်ခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင် တန်း(၁/၂၀၂၂) သို့ တက်ရောက်ခဲ့သော သင်တန်းသားများအား ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းသားများအနေဖြင့် အရန်မီးသတ် တပ်ဖွဲ့ဝင်သင်တန်းမှ သင်ကြားခဲ့သော စာတွေ့၊လက်တွေ့ ပညာရပ်များကို မိမိတိုင်း၊ မြို့နယ်၊ကျေးရွာ၊ ရပ်ကွက်များတွင် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်က သင်တန်းသားများအား စိတ်ဓါတ်၊ စည်းကမ်းနှင့် စွမ်းဆောင်ရည်မြင့်မားလာအောင် လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအား စွန့်စွန့်စားစား၊ စွမ်းစွမ်းတမံ ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် လိုအပ်သည်ကို ပြောကြားခဲ့ကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်းသိရသည်။
သားကြီး(သရက်ချောင်း)