ဆိပ်ကြီးခနောင်တိုမြို့နယ် အထက(ခွဲ)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ  ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူငယ်လူရွယ်များ လူအများ‌ရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိ‌စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံပြီး၊ အသိပညာဗဟုသုတ တိုးပွားရရှိစေရေး ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၂ နာရီက ဦးထွန်းအို ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆိပ်ကြီးခနောင်တိုမြို့နယ် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ယုဝေခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး အ-ထ-က(ခွဲ)ကျောင်းအုပ်ဆရာကြီးက လူငယ်စကားဝိုင်း ပြုလုပ်ပေးသည့်အတွက် ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကိုစတင်ကျင်းပရာ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက စကားဝိုင်းအား ဦးဆောင်ဆွေးနွေးကာ အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူ ၅ ဦးတို့က “လူငယ်နှင့်စာပေ”၊ “လူငယ်နှင့်စာရိတ္တ”၊ “လူငယ်နှင့်ကျန်းမာရေး”၊ “လူငယ်နှင့်အားကစား”၊ “လူငယ်နှင့် ယဉ်ကျေးမှုစသည့် ခေါင်းစဉ်ပါအကြောင်းအရာများအလိုက် ဆွေးနွေးကြသည်။

ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးခန့်တက်ရောက်ကြပြီး၊ လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဝေယံ (IPRD)