ဗန်းမော် ဒီဇင်ဘာ ၃၀
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးငွေပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က မြန်မာနိုင်ငံအနေဖြင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် Pestalozzi Children’s Foundation(PCF)တို့အကြား အလုပ်ရုံများ ဆွေးနွေးပွဲများကျင်းပပြုလုပ်ပြီး ASEAN Guidelines on Eco-schools ကိုအခြေခံကာ သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများဆိုင်ရာ အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများသတ်မှတ်ခဲ့ပြီး နိုင်ငံအဆင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ညီညွတ်သော ကျောင်းများဆုချီးမြှင့်ခြင်း ဆောင်ရွက်ဖို့အတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆု (Clean and Green School Award) နှင့် အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆု (National Clean and Green School Award) ဆုများချီးမြှင့်ခြင်း အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆုရရှိမည့်ကျောင်းများကို ၂၀၂၃ ခုနှစ် အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးအခမ်းအနားနှင့်အတူ ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ညီညွတ်သောကျောင်းဆုတွင် ဝင်ရောက်ယှဉ်ပြိုင်စေရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဗန်းမော်မြို့နယ်မှလည်း အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းနှင့် အခြေခံပညာမူလွန် (၂မိုင်အောင်သာ) ကျောင်းများကို ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ထားပါကြောင်း ယခုရွေးချယ်ထားသည့် ကျောင်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးရန်ပုံငွေများကို ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ရွေးချယ်ခံထားရသည့် ကျောင်းများအနေဖြင့် မိမိကျောင်း သန့်ရှင်း၍ စိမ်းလန်စိုပြေစေရန်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအား ပံ့ပိုးရန်ပုံငွေ ကျပ်(၂၅)သိန်း၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းအား ပံ့ပိုးရန်ပုံငွေကျပ်(၁၅)သိန်း၊ အခြေခံပညာမူလွန်ကျောင်း (၂ မိုင်အောင်သာ)ကျောင်းအား ပံ့ပိုးရန်ပုံငွေကျပ်(၁၀)သိန်းတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးတို့က ပေးအပ်ခဲ့ကြပြီး အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးကကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်