ပူတာအို ဒီဇင်ဘာ ၃၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် ကလေးမှုခင်းများ လျော့နည်း ပပျောက်ရေးအတွက် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ(၃၀)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က ကလေးသူငယ် အခွင့်အရေးများအတွက် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်တို့ကို ဆောင်ရွက်ပေးနေပါကြောင်းနှင့် ကလေးသူငယ်နှင့်ပတ်သက်ပြီး အခမဲ့ရှေ့နေများနှင့် လည်းပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးနေပါကြောင်း အမှာစကားပြောကြားပြီး မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဉက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ကျော်လွင်က မူကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများတွင်ရှိသော ကလေးသူငယ်များလုံခြုံရေး၊ ပညာရေးများအတွက် လုပ်ဆောင်ပေးနေပါကြောင်း၊ ကလေးသူငယ်မှုခင်းနှင့် ပတ်သက်၍ ပြည်မနှင့်တောင်တန်းဒေသ မတူညီကြောင်း၊ ပြုကျင့်ခံရသော ကလေးများနှင့်ပတ်သက်၍လုံခြုံရေး၊ ပညာရေးများအတွက်လည်း ချိတ်ဆက်ဆောင်ရွက်ပေးနေပါကြောင်းနှင့် ဌာနဆိုင်ရာများလည်း ပူးပေါင်းချိတ် ဆက်ဆောင်ရွက်ပေးနေပါကြောင်း ပြောကြားကာ အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်အဆင့်ကလေးသူ ငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အဖွဲ့ဝင်များက ကလေးသူငယ် အခွင့်အရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မွန်းလွှဲ(၁)နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပရာ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ပြင်ဆင်ဖွဲ့စည်းတာဝန်ပေး အပ်မှုနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဉက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကာ အစည်းအဝေး တက်ရောက်လာသည့် ခရိုင်အဆင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ်ဦးစီးမှူးက မေးမြန်းချက်များ အပေါ်ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)