ပင်လုံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပင်လုံ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးမျိုးမင်းလှိုင်က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေး ဟောပြောခဲ့ပြီး လျှပ်စစ်အန္တရာယ်သတိပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိမြတ်နိုးသူက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်၊ “လူငယ်များသို့ပြောချင်ပါသည်နှင့် စာဖတ်ခြင်းဥပမာ” စသည့်အသိပညာပေးအကြောင်းအရာများကို ဟောပြောပေးခဲ့ပြီး ပင်လုံနယ်မြေမီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးရဲအောင်က မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောပေးခဲ့ပါသည်။ ထို့နောက် “ထိန်းသိမ်းစို့လေလွတ်လပ်ရေးအမွေ”၊ မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံမှတ်တမ်းများ ပြသဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါအခမ်းအနားကျင်းပရာသို့ သက်ဆိုင်ရာဌာနအသီးသီးမှ အကြီးအကဲများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၃၁၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)