ဗန်းမော်မြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ဗန်းမော် စက်တင်ဘာ ၂၃

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသည့် ဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ မျိုးကွဲပယ်ခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဗန်းမော်မြို့နယ် စီဟဲကျေးရွာရှိ ကွင်းအမှတ်(၁၈၅)၊ ဦးပိုင်အမှတ်(၁)ရှိ တောင်သူ ဦးဇေယျာအောင်၏ စိုက်ခင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူ များအား မျိုးကောင်းမျိုးသန့်  သုံးစွဲနိုင်ရန်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ တောင်သူများသို့ မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူး နိုင်ရန်အတွက် တောင်သူများနှင့် ပူးပေါင်း၍ ဆင်းဧကရီ-၃ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် ပင်ပွားကာလအတွင်း နည်းပညာပေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါ ပန်းပွင့်ကာလ၌ မျိုးကွဲပယ်ခြင်း လုပ်ငန်းကွင်းဆင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

"တောင်သူတွေ မိုးစပါးမျိုးစေ့ ထုတ်လုပ်တဲ့အခါမှာ မျိုးသန့်စင်အောင်ပေါ့၊ ကျွန်တော်တို့ ဒီမျိုးစပါးထဲပယ်ရတဲ့ လုပ်ငန်းကို လေ့လာသိရပြီးတော့မှ လိုက်နာကျင့်သုံးနိုင်အောင်ပေါ့၊ ပြီးတော့ ဆင်းဧကရီ-၃ မိုးစပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ဖို့၊ ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ပေးရခြင်းဖြစ်တယ်" ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင်က ပြောသည်။

ကိန်းဖြူ(ပြန်/ဆက်)