စဉ့်ကူး ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ယမန် နေ့နံနက်(၉)နာရီက ကျင်းပခဲ့ရာ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ထို့နောက် မွန်းလွဲ (၁)နာရီအချိန်တွင် စဉ့်ကူးမြို့နယ်၊ ရွေပြည်ကျေးရွာအုပ်စု၊ ရွှေပြည်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ဆက်လက်ကျင်းပခဲ့ရာ စုစုပေါင်းအင်အား (၁၉၅)ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများတို့အား အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ် တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေး ဆိုင်ရာကိစ္စများကို ရှင်းလင်းဆွေးနွေးခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ ပြည်သူများလိုက်နာဆောင်ရွက်ရန် အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ကော်မရှင် ဒုတိယဦးစီးမှူး ဒေါ်အိမ့်သက်ခိုင်က PR (အချိုးကျကိုယ်စားပြု စနစ်) အား ရှင်းလင်းခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ပြည်သူ(၄)ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ် သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်းသိရသည်။
တင်ဇာလွင်(ပြန်/ဆက်)