ကိုဗစ်-၁၉ ရောဂါ စနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးဆောင်ရွက်

ဇမ္ဗူသီရိ   စက်တင်ဘာ  ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ စနစ်တကျ ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေပိုင်း က ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ ပြည်သူများအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးမောင်နှင့် ဝန်ထမ်းများ၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြေညာချက်များအား ရွှေကြာပင်ရပ်ကွက်၊ သပြေကုန်းရပ်ကွက်နှင့် ပိတောက် အိမ်ရာ၊ ကံ့ကော်အိမ်ရာအတွင်းရှိ ပြည်သူများအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ကျန်းမာရေးသတိပေးချက်များ အသံသွင်းထားသော အသံဖိုင်တို့အား ဖွင့်လှစ်၍ လှည့်လည်ကြေညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)