မဘိမ်းမြို့၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မဘိမ်း     စက်တင်ဘာ    ၂၃            

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဝင် များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကော်မတီဝင်များနှင့် စေတနာ့ဝန် ထမ်းများမှ တက်ညီလက်ညီ ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်၊ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များအား ညွှန်ကြားချက်များနှင့်အညီ စနစ်တကျရောင်းချစေရေး၊ တည်းခိုခန်းများအား အခြားမြို့နယ်များမှ ဝင်ရောက်လာသော ခရီးသွားဧည့်သည်များ လက်ခံ တည်းခိုမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ကုန်တင်ကားများအား သတ်မှတ်နေရာများတွင် ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်စေပြီး ကုန်စည် စီးဆင်းမှု မပြတ်လပ်စေရေး စစ်ဆေး ဆောင်ရွက်သွားရန်နှင့် မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေး ရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများအား ညွှန်ကြားချက် များနှင့်အညီ စနစ်တကျ ဆောင် ရွက်နိုင်ရေးအတွက် တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)