"နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဥတ္တရသီရိ ဒီဇင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် "နိုင်ငံဝန်ထမ်းနည်းဥပဒေများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ဝန်ထမ်းများ ဥပဒေ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိနားလည်ပြီး  လုပ်ငန်းဆောင်ရွက်ရာ၌ တိကျ၊ မှန်ကန်မြန်ဆန်၍ ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ ဦးစီးအရာရှိ ဒေါ်မြစန်းရီ၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက "နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ"စာအုပ်တွင် ပါရှိသည့် အခန်း(၁)ပါ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဝန်ထမ်းများခန့်ထားခြင်းနှင့် ဌာနကူးပြောင်းတာဝန်ထမ်းဆောင်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း စသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)