ကျောက်တန်း စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာများတွင် သွားလာရေးအဆင်ပြေပြီး ကျေးလက်နေပြည်သူများ၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း လျာထားလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါလုပ်ငန်းများမှာ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရန် ၊နွေရာသီ ရေရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရန်အတွက် ပြည်ထောင်စု ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း(၃)ခု၊ မြေသားရေကန်အနက်နှိုက်ခြင်းလုပ်ငန်း(၄)ခု ၊ရေကန်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း(၆) ခုနှင့် ပြည်သူများ၏ ဒေသထွက်ကုန်၊ထုတ်ကုန်များ တင်ပို့ရာတွင် ကုန်ကျစရိတ်သက်သာ စွာဖြင့် လွယ်ကူလျင်မြန်စွာ တင်ပို့ရောင်းချနိုင်စေရန်အတွက် ကုန်ထုတ်ဂဝံလမ်း(၁)လမ်း၊ Box Culvert (၂) စင်း၊စုစုပေါင်း လုပ်ငန်း(၁၆) ခု၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်စေရန်အတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်းအား ကျေးရွာ( ၃၇)ရွာတွင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေအား အတိုးနှုန်း (၅၀)ပြား နှုန်းဖြင့် ထုတ်ချေးပေးခြင်း၊ အဆိုပါ မြစိမ်းရောင် အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် ဘက်စုံသုံးခန်းမနှင့် (၂)ခန်းတွဲ အိမ်သာများ တည်ဆောက်ခြင်းလုပ်ငန်း(၄) ခု၊ ကွန်ကရစ်လမ်း(၁) လမ်း၊ အုတ်ရေမြောင်း(၁) ခု၊ဂါလံ(၂၀၀၀) ဆံ့ အုတ်ရေကန် (၁) ခု၊မြေသားရေကန် အနက်နှိုက်တူးဖော်ခြင်း(၁)ခု စုစုပေါင်း လုပ်ငန်း(၈) ခုအား ကျေးရွာ(၈) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထို့နောက် ကိုဗစ်-၁၉ စီးပွါးရေးကုစားမှု Covid-19 Economic Relief Plan (CERP) အစီအစဉ်အရ ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးလက်ဒေသများတွင် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ Cash For Work(CFW) စီမံကိန်းအား ကျေးရွာ(၅)ရွာတွင် ဆောင်ရွက်ခဲ့ပြီး ဗြူးပင်(ဒီရေတောပင် )စိုက်ပျိုးခြင်းလုပ်ငန်း(၁)ခု၊ မြေသားရေကန် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း(၃) ခု၊ မြေသား တာဘောင်တင်ခြင်းလုပ်ငန်း(၂)ခု၊ မြေဖို့ခြင်းလုပ်ငန်း(၂) ခု၊ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း (၅) ခု၊မြေသား ရေကန်ဘောင်ပြုပြင်ခြင်း လုပ်ငန်း(၃)ခု၊ မြေသားရေကန်ဘောင်တုတ်ရိုက်ခြင်းလုပ်ငန်း(၁) ခု၊ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း(၁)ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ အမိုးလဲခြင်းလုပ်ငန်း (၁) ခု ၊ ပေါင်း လုပ်ငန်း(၁၉) ခုနှင့် ကျေးလက်နေလုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ်ရောင်းချနေသူများအား သွင်းအား စုနှင့် အရင်းအနှီးများ ရရှိစေရန်အတွက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) အား ကျေးရွာ (၁) ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အဆိုပါလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ် ထံမှ သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)