မြစ်သား ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၄ ရက် နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအလယ်တန်း အဆင့်နှင့်မူလတန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က စိတ်ကြိုက်ပန်းချီပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသော အခြေခံပညာဦးစီးဌာနမှ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူ(၅၉)ဦးအား လွတ်လပ်ရေး၏ အနှစ်သာရများကိုသိရှိစေရန် အစဉ်အမြဲ အမှတ်ရနေစေရန်နှင့်လွတ်လပ်ရေးအား အစဉ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပ ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်က ပြိုင်ပွဲစည်းကမ်းချက်များနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းပြခဲ့သည်။
အဆိုပါ စိတ်ကြိုက်ပန်းချီပြိုင်ပွဲသို့ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိပညာရေးမှူး ဦးကျော်ဟန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ မြို့ပေါ်ကျောင်း( ၈ )ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားဖြစ်မြောက်ရေး ကြီးကြပ်မှုကော်မတီမှ လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သီတာအောင် (မြစ်သား)