မိုင်းယောင်း စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ရှေ့တန်းနေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဝင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံမှ သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ နှိုးဆော်ချက်များ၊ လမ်းညွှန်ချက်များ၊ ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပြည်သူများသို့ အသိပေးကြေညာချက်၊ တိုက်တွန်းအကြံပြုချက်၊ ဒေသန္တရအမိန့်၊ နေအိမ်ပြင်ပသို့ ထွက်၍ သွားလာမည့်သူများအနေဖြင့် နှာခေါင်းစည်းများဝတ်ဆင်ပြီး သွားလာကြရန် ကျေးရွာအနှံ့ နံနက်တစ်ကြိမ် ညနေတစ်ကြိမ် မော်တော်ယာဉ်ဖြင့် လိုက်လံ နှိုးဆော်ပေးခြင်း၊ မြို့အဝင် မုန်းလိုက်တံတားရှိ ကျန်းမာရေးစစ်ဆေး ရေးဂိတ်၊ Mask Campaign တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ၊ လက်သန့်ဆေးရည်များ အရည်အသွေး မီ/မမီ စစ်ဆေးခြင်းများ၊ မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ဘဏ်ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
ထို့ပြင့် Facility Quarantine စခန်းများတွင် တာဝန်ထမ်းဆောင်ခြင်း၊ Quarantine ဝင်ရောက်သူများအား ကူညီဆောင်ရွက်ပေးခြင်း၊ အသွားအလာခက်ခဲသော တောင်ပေါ်တိုင်းရင်း သားကျေးရွာများအထိ သွားရောက်၍ ကျန်းမာရေး ဆိုင်ရာ အသိပညာပေးခြင်း၊ အလှူရှင်များမှ လှူဒါန်းသော နှာခေါင်းစည်းများအား ပြန်လည်ဖြန့်ဝေပေးခြင်း၊ လက်ကမ်း စာစောင်များ ဝေငှခြင်း၊ လက်သန့်ဆေးရည်၊ ရေနှင့် ဆပ်ပြာကိုအသုံးပြု၍ စနစ်တကျလက်ဆေးနည်းနှင့် နှာခေါင်းစည်း တပ်ဆင်နည်းများ သင်ကြားပြသပေးခြင်း၊ လက်တွေ့ပြုလုပ်စေခြင်း၊ လူအသွားအလာများသည့် နေရာတွင် ဗီနိုင်းပိုစတာများ ကပ်ခြင်း/ချိတ်ဆွဲခြင်းများကိုလည်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းတို့၏ လမ်းညွှန်မှု၊ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါ်နန်းဆေး၏ ကြီးကြပ်မှု၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး၏ ဦးဆောင်မှုနှင့် တပ်ဖွဲ့ဝင်များ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ရှေးဦးပြုစုခြင်း၊ ရှာဖွေကယ်ဆယ်ရေး စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရှေ့တန်းနေရာမှ စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း