ဗန်းမော်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားများသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဦးဝင်းရဲထွန်းတက်ရောက်

ဗန်းမော်  ဒီဇင်ဘာ ၂၉

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဗန်းမော်တက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနံနက် ၉ နာရီကကျင်းပရာ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဦးဝင်းရဲထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ တက္ကသိုလ်ပင်မဆောင်အောက်ထပ်၌  လူမှုရေးဝန်ကြီးဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများက  ဗန်းမော်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဗန်းမော်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ပြပွဲ အခမ်းအနားဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများပြသထားသည့် ဘာသာရပ်ဆိုင်ရာ ပြခန်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ လူမှုရေးဝန်ကြီးဦးဝင်းရဲထွန်းက အဖွင့်အမှာ စကားပြောကြားခဲ့ရာနိုင်ငံတော်၏ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ ဒေသဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးကိုအထောက်အကူပြုနိုင်စေရန်အတွက် တက္ကသိုလ်များကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ မျက်မှောက်ခေတ်ကာလဖြစ်သော ပညာခေတ်၏စိန်ခေါ်မှုများကို ရင်ဆိုင်နိုင် သည့် အစဉ်လေ့လာသင်ယူနေသောလူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သော ပညာရေးစနစ် တစ်ခု ဖြစ်ထွန်းစေရန် အမျိုးသားပညာရေး မူဝါဒတစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်းနှင့် မောင်မယ်တို့အနေဖြင့် တက္ကသိုလ်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌ အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ပညာရေးဖြင့်လောကကောင်းကျိုးကို စွမ်းဆောင်ပေးနိုင်သော၊ ပညာပြည့်ဝနှလုံးလှသော၊ အနာဂတ်ပညာရေးဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်သော မောင်မယ်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြား ခဲ့သည်။

ယင်းနောက် လူမှုရေးဝန်ကြီးနှင့် တာဝန်ခံပါမောက္ခချုပ်ဒေါက်တာသောင်းထိုက်တို့က ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ ထူးချွန်ကျောင်း ကျောင်းသား ကျောင်းသူများနှင့် ထူးချွန်ဆရာ ဆရာမများကို ဂုဏ်ပြု ဆုများချီးမြှင့်ခဲ့ကြသည်။ ထို့နောက် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက အခမ်းနားသို့တက်ရောက်လာကြသည့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)