ဟိုပုံး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင်ဖွင့်လှစ် ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက် ၉ နာရီအချိန် က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ကျော်သန်း၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ချမှတ်ထားသော စည်းကမ်းချက်များကို အလေးထား လိုက်နာဆောင်ရွက်သွားရန်နှင့် လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အသိပေးရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်၊၊
နေမင်းထွန်း(ဟိုပုံး)