နွားထိုးကြီးမြို့နယ် ဘဝအလင်းရောင်ဓမ္မစကူးလ်မှ အစားအသောက်များနှင့် နှာခေါင်းစည်းများလှူဒါန်း

နွားထိုးကြီး၊ စက်တင်ဘာ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကျောက်တန်းကျေးရွာ ဘဝအလင်းရောင် ဓမ္မစကူး ဦးဆောင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတနှင့် ဆရာ၊ ဆရာမများမှ Facility Quarantine ဝင်နေသူများ၊ မြို့ဝင်/ထွက်ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသူများနှင့် ကျန်းမာရေးဝန်ထမ်းများကို ယမန်နေ့နံနက်ပိုင်က အစားအသောက်များနှင့် နှာခေါင်းစည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်နေသော ဝန်ထမ်းများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ နေ့စဉ်ကျန်းမာရေးလုပ်ငန်းများလုပ်ဆောင်နေရသော ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်နေသည့် အစာအဟာရဖြစ်သည့် ထမင်းဗူး (၁၂၀) ဗူး၊ ရေသန့် (၁၂၀) ဗူးနှင့် နှာခေါင်းစည်း (၂၅၀) ခု တို့ကိုလှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် နေ့စဉ် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများကိုလည်း မြို့နယ်အတွင်းရှိ အလှူရှင်များက နေ့စဉ်အစာအဟာရများ လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။
နိုင်လင်း(ပြန်/ဆက်)