ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကချင်ပြည်နယ်အဆင့် အခြေခံပညာကျောင်းသားအားကစားပွဲတော်အား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကချင်ပြည်နယ်အဆင့် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့၊ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ ကျောင်းသားအားကစားပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ယခုလိုကျောင်းသားအားကစားပွဲတော်ကြီးကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ အားကစားဖွံ့ဖြိုးမှုအခွင့်အလမ်းများရရှိခြင်း၊ ကျောင်းအဆင့်လက်ရွေးစင်မှသည် မြို့နယ်၊ ပြည်နယ်၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားများအဖြစ် ရွေးချယ်ခံရပြီး မိမိတို့၏ ကျွမ်းကျင်မှု၊ အရည်အသွေးများကို ပြသခွင့်ပေးခြင်းဖြစ်ပါကြောင်း၊ အလားတူပညာသင်ကြားရေးတွင်လည်း အဆင့်အတန်းနိမ့်ကျမှုမရှိအောင် အထူးကြိုးစားလေ့ကျင့်သင်ယူသွားကြရေးကို အလေးအနက်ထား တိုက်တွန်းလိုပါကြောင်းမှာကြားပြီး ‌ကျောင်းသားအားကစားပွဲတော်ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် မြို့နယ်များမှ အားကစားအသင်းများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်ပညာရေးမှူးတို့က မြို့နယ်အားကစားအသင်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ အားကစားအထောက်အကူပြုပစ္စည်းများကို အသင်းအုပ်ချုပ်သူများထံ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအထိမ်းအမှတ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးသင်တန်းကျောင်းမှ သင်တန်းသူလေးများနှင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများက Fitness Dance အကဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကျောင်းသားအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မိုးညှင်းမြို့နယ်ဘောလုံးအသင်းနှင့် မံစီမြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို အားပေးကြည့်ရှုခဲ့ကြသည်။

အဆိုပါ ပြည်နယ်အဆင့် ကျောင်းသားအားကစားပွဲတော်ကို အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် အမျိုးသားသီးသန့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ယနေ့မှ ဇန်နဝါရီ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နေပြည်တော်တွင်ကျင်းပမည့် ဗဟိုအဆင့်ကျောင်းသားအားကစားပွဲတော်တွင် သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်အနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နေပြည်တော်တွင်ကျင်းပသည့် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် ပြေးခုန်ပစ်ပြိုင်ပွဲ၌ ရွှေ(၂)ဆု၊ ငွေ(၃)ဆုနှင့် ကြေး(၃)ဆုကိုရရှိခဲ့ကြောင်း ပြည်နယ်အခြေခံပညာဦးစီးဌာနမှ သိရှိရသည်။

ပြည်နယ်ပြန်/ဆက်