ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချူပ်ရေးအတွက် နှာခေါင်းစည်း (Mask)များကို ပြည်သူများသို့ အခမဲ့ဖြန့်ဝေ

ရပ်စောက်    စက်တင်ဘာ  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ နှင့် အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးတို့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေကာ အသိပညာပေး ခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းမှ ညပိုင်း(၈)နာရီအထိ မြောက်ကွက်သစ်ရပ်ကွက်၊ မြို့လယ်နာရီစင်အနီးတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် တာဝန်ရှိသူများက နှာခေါင်းစည်းတပ်ဆင်ထားရှိခြင်းမရှိသော လမ်းသွား လမ်းလာပြည်သူများကို နှာခေါင်းစည်း (Mask)များကို အခမဲ့ ဖြန့်ဝေပေးကာ ဈေးရောင်းချလျှက် ရှိသောပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချူပ်တားဆီးရေးအတွက် ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ ရောင်းချ သွားရန် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)