ပူတာအို ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီများက ကြီးမှူး၍ ပြည့်စုံမှန်ကန်သည့် လူဦးရေစာရင်းများ ရရှိရေးအတွက် မြို့နယ်အဆင့်မြေပြင်ကွင်း ဆင်းစာရင်းကောက်သင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက မချမ်းဘော့မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မလိခခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက မြေပြင်ကွင်းဆင်းစာရင်းကောက်အဖွဲ့အနေဖြင့် အရေးကြီးဆုံးနှင့် လက်တွေ့စာရင်းကောက်ယူမည့် (Working Group) အဖွဲ့ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်အတွက် အလွန်အရေးကြီးပြီး အလေးအနက်ထား၍ ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း အမှာစကား ပြောကြားပြီး ခရိုင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဗိုလ်မြင့်က မိမိရပ်ကွက်/ကျေးရွာအုပ်စုအတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် လူဦးရေစာရင်း တိကျမှန်ကန် မထပ်မကျန်စေရန် လိုအပ်ကြောင်း၊EID အထစနှင့်ကာ ယကံရှင်၏ အထစ၊ နိုင်ကတ်ပြားပါ ကိုယ်ရေးအချက်အလက်များ အမှန်ဖြစ်ရန် ပြင်ဆင်၊ဖြည့်စွက်ဆောင်ရွက်ရန်လို အပ်ကြောင်း၊ သင်တန်းမှ သင်ကြားပို့ချခဲ့သည့်အတိုင်း သေဆုံး၊ ပြောင်း၀င်၊ ပြောင်းထွက်၊ ခရီးလွန်၊ သာသနာ့ဘောင်၀င် ၊ပြည်ပထွက်ခွာ၊ မွေးတိုးမှတ်ချက်များအား သေချာစွာ မှတ်သားလာရန် လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကို၀င်းက အဆိုပါလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းပါ၀င်မှသာ တိကျမှန်ကန်သည့် လူဦးရေစာရင်း ရရှိလာမည်ဖြစ်ကြောင်း ပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်လ၀ကဦးစီးမှူး၊ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက မြေပြင်တွင် လက်တွေ့တစ်အိမ်တက်တစ်အိမ်ဆင်း လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးနေမှုနှင့် စာရင်းကောက်ယူနေမှုများကို ကြည့်ရှုအားပေးသည်။
အလားတူ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်လ၀ကဦးစီးမှူးတို့သည် ပူတာအိုမြို့ ဖုန်ကန်ရာဇီ ခန်းမတွင် မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းပို့ချနေမှု၊ ပူတာအိုမြို့နယ်အတွင်း မြေပြင်တွင် လက်တွေ့တစ်အိမ်တက်တစ်အိမ်ဆင်း လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးနေမှုနှင့် စာရင်းကောက်ယူနေမှုများကိုကြည့်ရှုအားပေး သည်။
အဆိုပါ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းကို ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊မချမ်း ဘော့၊နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်မြို့နယ် ငါးမြို့နယ်တွင် ဒီဇင်ဘာ(၂၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ သင်တန်း ကာလနှစ်ရက်ကြာ တစ်ပြိုင်တည်း ဖွင့်လှစ်ပို့ချပေးခဲ့ခြင်းဖြစ်ပြီး ယင်းမြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများကို မသန်စွမ်း(၅)မျိုးစာရင်း ကောက်ယူခြင်း အပါအ၀င် ဇန်နဝါရီ(၉)ရက်မှ(၃၁)ရက်နေ့အထိ(၂၃)ရက်အတွင်း တစ်ချိန်တည်း တစ်ပြိုင်တည်း ပြီးစီးအောင် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)