မြစ်ကြီးနား ဒီဇင်ဘာ ၂၈
မြစ်ကြီးနားတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ မောင်မယ် သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပရာ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံဘဏ္ဍာဌာနမှူး၊ သင်တန်းရေးရာဌာနမှူး၊ ဘာသာရပ်ဆိုင်ရာဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များနှင့် မြစ်ကြီးနား တက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ (ပထမနှစ်ကျောင်းသားကျောင်းသူ) မောင်မယ်သစ်လွင် (၆၉၈)ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြစ်ကြီးနားတက္ကသိုလ် ဆွမ်ပရာဘွမ်အဆောင်နှင့် ဖုန်ဂန်ရာဇီအဆောင်တို့မှ ကျောင်းသား ကျောင်းသူများက "မြကျွန်းညိုညိုတက္ကသိုလ်" တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကာ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ဘာသာရပ်ပေါင်းစုံ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားကာ လိုက်နာဆောင်ရွက်ကျင့်သုံးရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ မှာကြား ခဲ့သည်။
ထို့နောက် မြစ်ကြီးနားတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်နှင့် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဇင်မာလတ်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကာ ကျောင်းတော်ကြီး၏ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဘာသာရပ်အသီးသီးမှ တက္ကသိုလ် ကျောင်းသား ကျောင်းသူများက တိုင်းရင်းသား တေးသီချင်း အမျိုးမျိုးဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ မြစ်ကြီးနားတက္ကသိုလ်စီမံဘဏ္ဍာဌာနမှူး၊ သင်တန်းရေးရာဌာနမှူးနှင့် ဘာသာရပ်ဆိုင် ရာ ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များက ဘာသာရပ်ပေါင်းစုံမှ မောင်မယ်သစ်လွင်များအား ကြိုဆိုမိတ်ဆက်စကားများပြောကြားပြီး ဉပဒေပညာဌာန ဒုတိယနှစ်ကျောင်းသူများက "ကချင်ပြည်နယ်၏အလှနှင့် ကချင်ပြည်နယ်သို့ အလည်လာရန် ဖိတ်ခေါ်ပါသည်" တေးသီးချင်းဖြင့် ကပြဖျော်ဖြေကြသည်။
ခရိုင်(ပြန်/ဆက်)