ကျောက်ဆည်မြို့နယ်တွင် မြောင်းဆုံးမြောင်းဖျားအထိ စိုက်ပျိုးရေများ ပြည့်ဝစွာ ပေးဝေနိုင်ရေး ငပြောင်ဆည် ရေသောက်စနစ်၊ နွားတက်ခွဲမြောင်းမှ ပျက်စီးနေသည့် ရေမြှင့်အဆောက်အအုံ (၂)ခုအား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးများပေးဝေရာတွင် မြောင်းဆုံးမြောင်းဖျားထိ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေနိုင်ရေး ငမြောင်ဆည်ရေသောက်စနစ်၊ နွားတက်‌ခွဲမြောင်းမှ ပျက်စီးနေသည့် ရေမြှင့်အဆောက်အအုံ(၂)ခုအား မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကျအဆောက်အအုံ(၂)ခုသည် နွားတက်ခွဲမြောင်း ပေတိုင်အမှတ်(-၄၇+၈၅၀)၊ ငါးမြွေကုန်း ကျေးရွာအနီနှင့် ပေတိုင်အမှတ်(၅၁+၀၀)၊ စပယ်တောကျေးရွာအနီးရှိ ရေမြှင့်အဆောက် အအုံများဖြစ်ပြီး တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၁၈.၀၀၀) ကျပ်သန်းအကုန်အကျခံကာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူကာ အလျား (၁၀၀၀၀)ပေ၊ အကျယ်(၈)ပေ၊ အမြင့်(၅)ပေ၊ ရေမြှင့်အဆောက်အအုံ၏ အထက်ပိုင်းနှင့် အောက်ပိုင်းကြမ်းခင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် မြောင်းဘောင်များ ကျောက်ဆလံစီခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရေမြှင့်အဆောက်အအုံ (၂)ခု ပြန်လည်ပြုပြင်ပေးခြင်းဖြင့် ငပြောင်ဆည်ရေသောက်စနစ်၊ နွားတက်ခွဲမြောင်းမှ စိုက်ပျိုးရေများ ပေးဝေနေသည့် သီးနှံမျိုးစုံ (၁၇၅) ဧကအတွက် ရေများပေးဝေရာတွင် အလေအလွင့် ဆုံးရှုံးမှုနည်းပါးစွာ မြောင်းဆုံးမြောင်းဖျားမှ စိုက်ပျိုးသီးနှံများ အောင်မြင်သည်အထိ လိုအပ်သည့် ရေပမာဏ ပြည်ဝစွာ ပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)