ကျိုက်မရော စက်တင်ဘာ ၂၃
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ၈ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း (၉၈)ရုံ ဖြင့်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လုံခြုံရေးအရ ရွေးကောက်ပွဲမကျင်းပနိုင်သောရပ်ကွက်/ကျေးရွာအုပ်စုမရှိကြောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးမှ သိရသည်။
ကျိုက်မရော မြို့နယ်တွင် တစ်သီးပုဂ္ဂလနှစ်ဦးအပါအဝင် နိုင်ငံရေးပါတီ ၉ခုမှ ကိုယ်စား လှယ်လောင်း (၂၇)ဦး ဝင်ရောက် အရွေးချယ်ခံယှဉ်ပြိုင် ကြမည် ဖြစ်ပြီး ဇူလိုင် ၂၅ရက်မှသြဂုတ်၂၄ရက်အထိ ပထမအကြိမ် ထုတ်ပြန်ခဲ့သည့်မဲ ဆန္ဒရှင်စာရင်းအရ (၁၈၀၇၄၃) ဦး ရှိပြီး ဒုတိယအကြိမ် ထုတ်ပြန်မည့်မဲစာရင်းတွင်မဲဆန္ဒရှင်ဦးရေ ၁၈၀ ၇၈၁ ရှိကာ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းကြေငြာမည့်ရက်အတိအကျကို မသိရှိရသေးဘဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေငြာသည့်နေ့ တွင် ကပ်ထားကြေငြာ ပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်၊
ကျိုက်မရောမြို့နယ်တွင် မသန်စွမ်းသူ ဦးရေ ၃၆၇ ဦးရှိပြီး လေဖြတ်ဝေဒနာခံစား ထားရသူ၄၄ ဦးရှိရာ ၄င်းတို့၏ အခွင့်အရေးအရ ကြိုတင်မဲ စနစ်ဖြင့် ဆန္ဒမဲ ပေးလိုပါက ပေးနိုင်ရေး စီစဉ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။
ကျိုက်မရောမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး (၁၉၆) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအမိန့် ညွှန်ကြားချက်များနှင့် အညီ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများပို့ချနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ကျိုက်မရော မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှဦးစီးအရာရှိ ဒေါ်အိသဲလင်း ထံမှသိရသည်။
ချိုချို(ပြန်/ဆက်)