ဝိုင်းမော် ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်း၊ မြို့နယ်ပညာရေးမှူးဦးသန်းအောင်နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းသည် အလျား(၁၁၈)ပေ၊ အနံ(၉၆)ပေ၊ တစ်ထပ်အဆောက်အဦဖြစ်ပြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ တက္ကသိုလ်စာမေးပွဲ မအောင်မြင်သော ကျောင်းသူ၊ ကျောင်းသားများ၊ ဒေသအတွင်းရှိ လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းတက်ရောက်နိုင်ရေးအတွက် စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းကို ဆောက်လုပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါကျောင်းတွင် စက်မှုလက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဘာသာရပ်များကို အဓိကသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် ယင်းကျောင်းကို ရွှေနန်းတော်ဝင်ကုမ္ပဏီက ၂၀၂၃ ခုနှစ်၊ မတ်လတွင် အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှသိရှိရသည်။
ဖြူစင်(ပြန်/ဆက်)