ဝိုင်းမော် ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ဝိုင်းမော်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးက အဆင့်(၃)ဖြစ်သည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းစဉ်တွင် အဓိကကျသည့် လုပ်ငန်းဖြစ်သဖြင့် မြေပြင်တွင်မှန်မှန်ကန်ကန်စနစ်တကျ ကောက်ယူနိုင်ရန်ဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ၊ မသန်စွမ်း ၅ မျိုးစာရင်းကောက်ယူခြင်းအပါအဝင် ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂၃ ရက်အတွင်း တစ်ချိန်တည်းတစ်ပြိုင်တည်းပြီးစီးအောင် ကောက်ယူရမှာဖြစ်ပါကြောင်း၊ မြေပြင်တစ်အိမ်တက် တစ်အိမ်ဆင်းကွင်းဆင်းဆောင်ရွက်ကြမည့် (Working Group)များကို မြေပြင်ကွင်းဆင်းလုပ်ငန်းများ လက်တွေ့ဆောင်ရွက်နိုင်ရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်ရေးမှူးကော်မတီ တွဲဘက်အတွင်းရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစောနွဲ့အောင်ခမ်းဆိုင်က မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ကြီးကြပ်မှုကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် လူဦးရေ မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ တက်ရောက်လာကြသော ဝိုင်းမော်မြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စုမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုမြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များအား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းစဉ်များ ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
ဖြူစင်(ပြန်/ဆက်)