မိုးမိတ်မြို့၌ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ရေသန့်စက်ရုံများအား ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး

မိုးမိတ်   စက်တင်ဘာ   ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းကော်မတီ ဦးဆောင်မှုဖြင့်   ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ရေသန့်စက်ရုံများအား ကိုဗစ်ကာလအတွင်း  သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ /မရှိကို  ယနေ့နံနက် ၁၀ နာရီအချိန် က ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီဇော်နှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များက မိုးမိတ်မြို့အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ရေသန့်စက်ရုံများတွင် လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များ ထားရှိခြင်း ရှိ/မရှိ၊ ဆိုင်ပိုင်ရှင်များနှင့် အလုပ်သမားများ နှာခေါင်းစည်း တပ်ဆင်ရေးနှင့် စားသုံးသူများတစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးများ ထားရှိခြင်း ရှိ/မရှိ ၊  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ရေး အသိပညာပေးဗီနိုင်းများ ထားရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ အပေါ်လိုက်နာမှု မရှိပါက ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် မလိုက်နာပါက ဆိုင်ထိုင်ရောင်းချခွင့်ပိတ်ပြီး ပါဆယ်စနစ်ဖြင့် ရောင်းချစေခြင်းနှင့် တတိယအကြိမ် မလိုက်နာပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)