ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၁၂၇)ဦးအား မီးရထားခရီးစဉ်ဖြင့် ဆက်လက်ပို့ဆောင်ပေး

လားရှိုး     စက်တင်ဘာ  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်  မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့်  ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံ မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၁၀၉)ဦး၊ အမျိုးသမီး (၁၈)ဦး စုစုပေါင်း (၁၂၇) ဦးတို့ကို ထပ်မံပို့ဆောင် ပေးခဲ့သည်။

အဆိုပါ နေရပ်ပြန်ပြည်သူ (၁၂၇)ဦးတို့မှာ ကချင်ပြည်နယ်မှ (၈)ဦး၊ ချင်းပြည်နယ်မှ (၁၀)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၃၀)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၁) ဦး၊ မကွေးတိုင်းဒေသကြီးမှ (၈)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁၀)ဦး၊ ရှမ်းပြည်နယ်မှ (၂)ဦး၊ ရခိုင် ပြည်နယ်မှ (၄၃)ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ (၂)ဦး တို့ဖြစ်ကြသည်။ ထိုသို့လွှဲပြောင်း ပို့ဆောင်ပေးရာတွင် မေလ(၆)ရက်နေ့မှ စက်တင်ဘာလ (၂၃)ရက်နေ့အထိ  နေရပ်ပြန် ပြည်သူအမျိုးသား (၁၀၃၀၄) ဦး၊ အမျိုးသမီး (၆၄၂၁) ဦး စုစုပေါင်း (၁၆၇၂၅) ဦးတို့အား လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

နန်းသန္တာဦး(ပြည်နယ်၊ ပြန်/ဆက်)