မောက်မယ် ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာများဖြင့် ကြုံတွေ့လာနိုင်သည့် အခက်အခဲပြဿနာများကို ရင်ဆိုင်ဖြေရှင်းတတ်စေရန်နှင့် လူငယ်များ စာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံမှ “စကားပြောစွမ်းရည်ပြိုင်ပွဲ”ကို ယနေ့နံနက် ၉နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက “စကားပြောစွမ်းရည်ပြိုင်ပွဲ” ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီးနောက် “စကားပြောစွမ်းရည်ပြိုင်ပွဲ” စတင်ကျင်းပခဲ့ရာ ထိုပြိုင်ပွဲတွင် အခြေခံ ပညာကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများ (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ လာရောက် ယှဉ်ပြိုင်သော ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအားလုံး ဗလာစာအုပ်လက်ဆောင်များ၊ အချိုရည် နှင့်မုန့်များ ပေးဝေခဲ့ပြီး ဆုများကို လွတ်လပ်ရေးနေ့အကြို ဇန်နဝါရီလ(၂)ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုပြိုင်ပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ (၆၀)ဦး ခန့် တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်ဓါတ်ပုံ၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်ပြပွဲများကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပြီး ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)