တာချီလိတ် ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွှဲ ၃ နာရီက " ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ရေး "ခေါင်းစဉ်အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်တွင် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က Online အသိပညာပေးTalk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြား ခဲ့သည်။
ထို့နောက်တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်မှ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေထိုင်ရေးလိုအပ်ပုံများ၊ ရာသီဥတုပြောင်းလဲ ရခြင်းတွင် သဘာဝအရပြောင်းလဲခြင်းနှင့် လူသားတို့၏ အမူအကျင့်များကြောင့်ပြောင်းလဲခြင်း စသည့်အကြောင်းရင်းများ၊ မှန်လုံအိမ်ဓာတ်ငွေ့ခြောက်မျိုး၊ ကမ္ဘာမြေကြီးအားထိန်းသိမ်းဖို့ ရာသီဥတုပြောင်းလဲမှုကို လျော့ချနိုင်မည့်နည်းလမ်းများနှင့် ကမ္ဘာမြေပြင်သို့နေမှလာသော လူကိုအန္တရာယ်ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည်အား ကာကွယ်ထားသည့် အိုဇုန်းလွှာအကြောင်း စသည်တို့အား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
အေးအေးလတ်(ခရိုင်ပြန်/ဆက်)