ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်တွင် ပြည်သူများ မြန်မာ့စာတိုက်ကြီးအသုံးပြုမှုများလာ

မန္တလေး၊ စက်တင်ဘာ  ၂၃

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်တွင် ခရီးသည်ယာဉ်လိုင်းများပိတ်ထားသည့်အတွက် ပြည်သူများက မြန်မာ့စာတိုက်ကြီး အသုံးပြုမှုများလာကြောင်း သိရသည်။
 "အခုလိုမျိုး ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့အချိန်မှာ ကားလိုင်းတွေလည်းပိတ်သွားတယ်။ အဲဒါကြောင့် မြန်မာစာတိုက်လုပ်ငန်းက ပြည်သူ့ဝန်ဆောင်မှုဖြစ်တဲ့အတွက် ရပ်နားလို့မဖြစ်ဘူး။ အဲဒါကြောင့်မို့ ကားလိုင်းတွေ ပိတ်သွားပေမယ့်လည်း ပို့ဆောင်ဆက်သွယ်မှုအဆင်ပြေဖို့အတွက် စာတိုက်တွေကဆက်လက်ဖွင့်ထားပါတယ်။ ဆက်လက်ပြီးတော့ စာတွေကို လက်ခံပြီးတော့ ပို့နေပါတယ်။ ကားလိုင်းတွေ ပိတ်သွားတဲ့အတွက်ကြောင့် ချောလိုင်းတွေပြတ်တောက်မှုမရှိစေရေးအတွက် ကိုယ်ပိုင်ချောကားတွေ ချောကုမ္ပဏီတွေနဲ့ ချိတ် ဆက်ပြီးတော့ စဉ်ဆက်မပြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ကားလိုင်းတွေ ပိတ်သွားတဲ့အတွက် ကားလိုင်းတွေကို အသုံးပြုနေတဲ့ ပြည်သူတွေကလည်း စာတိုက်ကို အသုံးပြုလာပါတယ်။ အဲဒါကြောင့် စာတိုက်မှာဝန်ဆောင်ရတဲ့ပမာဏက ယခင်ပုံမှန်ဝန်ဆောင်နေရတဲ့ပမာဏထက် နှစ်ဆနီးပါးလောက် တက်ပြီး ဝန်ဆောင်မှုပေးနေရပါတယ်။ " ဟု မြန်မာ့စာတိုက်ကြီး မန်နေဂျာ ဒေါ်နွယ်နီအောင်က ပြောသည်။
 မြန်မာ့စာတိုက်ကြီးကိုလာကြသော ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကိုယ်အပူချိန်တိုင်းခြင်း၊ Hand Gelဖြင့် လက်ဆေးစေခြင်း၊ စာတိုက်အတွင်း လူစုလူဝေးမဖြစ်စေရန် လူဦးရေ ပမာဏကန့်သတ်ပြီး တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန် အကွက်လေးများချပေးထားခြင်း၊ ကောင်တာခွဲများဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ပေးထာကြောင်း သိရသည်။

ထိပ်ထားနိုင်