ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း လူမှုစီးပွားဘဝတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ ကိုဗစ်- ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

သန်လျင် စက်တင်ဘာ ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ်(၈)မြို့နယ်၌ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများအား ကိုဗစ်-၁၉ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ယနေ့ နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ် ကိုကိုးကျွန်း မြို့နယ် အပါအဝင် ကျေးရွာအုပ်စု(၃၅၃)အုပ်စု၊ ကျေးရွာပေါင်း (၉၆၃)ရွာတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် တွင်းတိမ် ၂တွင်း၊ တွင်းနက် ၁၆ တွင်း၊ ရေသန့်စင်စနစ် ၄ ခု၊ သောက်သုံးရေကန်များ ခြံစည်းရိုး ကာရံခြင်း၊ မြေသားရေကန်အနက် တူးဖော်ခြင်းလုပ်ငန်း ၁၃၀ နှင့် ကျေးလက်ကုန်ထုတ် ဂဝံလမ်း ၈ လမ်း၊ Box Culvert ၁၃ စင်း၊ ကွန်ကရစ်တံတား ၁ စင်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ (၁၀)တွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်း၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ရေးဆွဲခြင်း(VDP)အား ကျေးရွာ(၇၄)ရွာတွင် အကောင်အထည် ဖော် ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသနေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေ ရန်အတွက် Cash For Work (CFW) စီမံကိန်းကျေးရွာ (၆၂) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကျေးလက်နေ လုပ်ကွက်ငယ်တောင်သူများ ထုတ်လုပ်ရောင်းချနေသူများ အား သွင်းအားစု အရင်းအနှီးများ ရရှိစေရန်အတွက်  ကျေးရွာမတည်စီမံကိန်း (Village Revolving Fund Project (VRFP) ကို ကျေးရွာ(၅၀)တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူထံမှ သိရသည်။

သက်ခိုင် (သန်လျင်)