မန္တလေး၊ စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက လုပ်ဆောင်နေသည့် သံသယလူနာများကို Swab နမူနာရယူသည့်လုပ်ငန်းများတွင် ဆေးတက္ကသိုလ်(မန္တလေး)ရှိ Volunteer Teamက စက်တင်ဘာ ၂၄ ရက်နေ့မှစ၍ ပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိကရှေ့တန်းမှာ Swab ယူတဲ့အဖွဲ့တွေက တစ်နေ့တစ်နေ့အရေအတွက် ၂၀၀၊ ၃၀၀ လောက်ယူနေရတယ်၊ နေ့စဉ်ရက်ဆက်ဆိုတော့ ပင်ပန်းလာပြီးဆိုတော့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးတာပါ၊ လက်ရှိလုပ်နေတဲ့အဖွဲ့တွေနဲ့ အတူတူပူးပေါင်းပြီး ဝိုင်းဝန်းကူညီဆောင်ရွက်သွားမှာပါ၊ ကူညီတဲ့အချိန်မှာ စနစ်တကျနဲ့ ကူညီသွားမှာပါ၊ ကူညီပေးတဲ့သူတွေအနေနဲ့လည်း ရောဂါကူးစက်နိုင်မယ့် အခွင့်အရေးရှိတယ်၊ ရောဂါကူးစက်မှု မဖြစ်အောင် ကျန်းမာရေးအကာအကွယ်ပစ္စည်း အပြည့်အစုံနဲ့ လုပ်သွားမယ်၊ တတ်နိုင်သရွေ့မကူးစက်အောင် လုပ်ငန်းကျွမ်းကျင်အောင်လည်း သင်ပေးထားတယ်၊ သေချာလုပ်ရင်တော့ ကာကွယ်နိုင်ပါတယ်၊ Volunteer လုပ်ပေးတဲ့နေ့မှာ အိမ်ပြန်မအိပ်ချင်ဘူးဆိုရင်လည်း နေထိုင်စားသောက်ရေးကိုလည်း စီစဉ်ပေးထားပါတယ်”ဟု ဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာခင်မောင်လွင်ကပြောသည်။
ဆေးတက္ကသိုလ်(မန္တလေး)မှပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာ ခင်မောင်လွင် ဦးဆောင်ဖွဲ့စည်းထားသည့် Volunteer Team တွင် ဆေးတက္ကသိုလ်(မန္တလေး) ဇီဝဓာတုဌာန၊ အဏုဇီဝဗေဒဌာန၊ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊သူနာပြုတက္ကသိုလ် (မန္တလေး)တို့မှ ဆရာဝန်များ၊ နည်းပညာရှင်များ၊ တိုင်းရင်းဆေးပညာရှင်များ၊ သင်ကြားရေးဌာနမှ ဆရာ/ဆရာမများပါဝင်ပြီး သံသယလူနာများအား Swab နမူနာရယူစစ်ဆေးနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည့် Volunteer Team ဖြစ်ကာ အဖွဲ့ဝင်များအား Swab နမူနာရယူနည်းများကို စာတွေ့လက်တွေ့သင်ကြားပေးထားပြီး ပါဝင်ကူညီဆောင်ရွက်သွားကြမည် ဖြစ်သည်။
“မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ဓာတ်ခွဲခန်းကပါမောက္ခဒေါက်တာနီလာဝင်း၊ အထူးကုဆရာဝန်ကြီး ဒေါက်တာနီနီဇော်၊ ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး ဓာတ်ခွဲခန်းတာဝန်ခံ အထူးကုဆရာဝန်ကြီး ဒေါက်တာရဲသူဝင်း တို့အဖွဲ့က သင်ပေးတယ်၊ PPE ဝတ်စုံဝတ်နည်း ချွတ်နည်းတွေ၊ လက်တွေ့နယ်ပယ်လုပ်နေတဲ့ ပုံစံအတိုင်းသင်ပေးတယ်၊ နှာခေါင်းနဲ့ပါးစပ်ထဲ Swab နမူနာရယူနည်းတွေကို ဆေးတက္ကသိုလ်မှာရှိတဲ့ လူပုံစံအရုပ်တွေနဲ့ တစ်ဦးချင်းအသေးစိတ်သင်ပေးတယ်၊ လက်တွေ့မှာလူတွေနဲ့ထိတွေ့ယူရမှာဆိုတော့ကိုယ့်အတွက်လည်း ကာကွယ်ရအောင် အကာအကွယ်တွေနဲ့ လုံလုံခြုံခြုံဝတ်ပြီး လူနာလည်း မနာကျဉ်ရအောင် ယူနည်းတွေပါတယ်၊ နောက်ထပ် Volunteer ၃၀ ဦးကို ဆက်ပြီးသင်ကြားပေးဖို့ရှိပါတယ်၊ နောက်လူ ၃၀ မှာ စာရင်းပေးထားပြီး ကျန်နေတဲ့သူတွေ၊ အပြင်က GP ဆရာဝန်တွေ၊ ပုဂ္ဂလိကဆေးရုံတွေက လက်ထောက်ဆရာဝန်တွေပါမယ်၊ Train လုပ်ပေးထားမယ်၊ ပုဂ္ဂလိကဆေးရုံအဖွဲ့တွေကလည်း ကျန်းမာ ရေးအကျိုးပြုလုပ်ငန်းတွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်ခွင့်ရအောင်ဆိုပြီး ပုဂ္ဂလိကဆေးရုံက ဆရာဝန်တွေခေါပြီးTrain လုပ်ပေးဖို့ရှိတယ်၊”ဟု ဆက် လက်ပြောသည်။
ဆေးတက္ကသိုလ်(မန္တလေး)တွင်ဖွဲ့စည်းထားသည့် သံသယလူနာများအား Swab နမူနာရယူ စစ်ဆေးနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည့် Volunteer Team အတွင် ပထမသုတ်အနေဖြင့် ၃၀ဦး ပါရှိကာ Swab နမူနာရယူရေးသင်တန်းကို စက်တင်ဘာ ၂၁ရက်နေ့က ပို့ချပေးခဲ့ကြောင်း၊ ဒုတိယသုတ်အနေဖြင့် အဖွဲ့ဝင် ၃၀ဦးကို ဆက်လက်ပို့ချပေးသွားမည်ပြီး Volunteer ၆၀ဦးဖြင့် အလှည့်ကျဆောင်ရွက်သွားမှာမည်ဖြစ်ကြောင်းသိရသည်။
ထိပ်ထားနိုင်