မြောက်ဦးမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မြောက်ဦး ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးရှေးဟောင်းမြို့တော်တွင် တည်ထားကိုးကွယ်လျက် ရှိသော ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများသို့ အနယ်နယ်အရပ်ရပ်မှ  ရဟန်းရှင်လူပြည်သူများ ယမန်နေ့ နံနက်ပိုင်းတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘုရားဖူးလာရောက်ကြသော အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် ရခိုင်ပြည် နယ်အတွင်းရှိ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မင်းပြားမြို့၊ မြေပုံမြို့များမှ ကျောင်းသား/ကျောင်းသူများမှာ ဒီဇင်ဘာ ကျောင်းပိတ်ရက်ဖြစ်၍ ရှေးဟောင်းဘုရားပုထိုးစေတီ များဖြစ်သော သျှစ်သောင်းပုထိုးတော်ကြီး၊ ထုက္ကန်သိမ်ပုထိုးကြီး၊ ကိုးသောင်းပုထိုးတော်ကြီး၊ မာရ်ငါးပါးဖြစ်သော ရတနာ့မာရ်အောင်၊ သက္ကျမာရ်အောင်၊ ဇိနမာရ်အောင်၊ လောကမာရ်အောင်နှင့် မင်္ဂလာ့မာရ်အောင် ဘုရားစေတီများသို့ သွားရောက်ဖူးမျှော်ကြပြီး သျှစ်သောင်းပုထိုးတော်ကြီး အတွင်းရှိ ငါးရာ့ငါးဆယ် နိပါတ်တော်လာ ကျောက်ဆစ်လက်ရာများ၊ ထုက္ကန်သိမ်ပုထိုးတော်ကြီး အတွင်းရှိ ရခိုင်ရှေးဟောင်းဝတ်စားဆင်ယင်မှု အဆင့်ဆင့်ပြောင်းလဲလာပုံများ၊ ရခိုင်အမျိုးသမီးများ ဆံထုံးတော်ဆင်ယင်ထုံးဖွဲ့မှု အဆင့်ဆင့်ပြောင်းလဲလာပုံ၊ ရှေးဟောင်းသုတေသနပြတိုက် အတွင်းရှိ ရှေးဟောင်းကျောက်ဆစ်လက်ရာ အသုံးအဆောင်ပစ္စည်းများနှင့် နန်းတော်ရာကုန်း၊ လက်ဆည်ကန်စသော နေရာများသို့ သွားရောက်လေ့လာကြပြီး အလှဓါတ်ပုံများ ရိုက်ကူးခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြင့်စိုး၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)