ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်သည့်အနေဖြင့် ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ သူများအား သီးသန့်နေထိုင်စောင့်ကြည့်ရန်အတွက် Quarantine Center အဖြစ် ထပ်မံထားရှိဆောင်ရွက်မည့် အခြေခံ ပညာအထက်တန်းကျောင်းအား ယမန်နေ့ နံနက် ပိုင်းမှစ၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်မြင့် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ Quarantine ထားရှိမည့် အဆောင်များ၊ အခန်းများအား သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ Quarantine ထားရှိမည့်သူများ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ ထားရှိနိုင်ရေး အတွက် နေရာများ စီစဉ်ပေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ ရေရရှိရေး စီစဉ်ပေးခြင်းနှင့် အလင်းရောင် နှင့် လေကောင်းလေသန့် ရရှိရေးတို့ကိုပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယနေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ (၂၁)ဦးရှိပြီး ၎င်းတို့အနက် (၃)ဦးမှာ ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရရှိကာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး Quarantine Center သုံးခုတွင် လတ်တလော အသွားအလာ ကန့်သတ်စောင့်ကြည့်ခံထားရသူ(၄၂)ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီထံမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)