ပူတာအိုခရိုင်၌ မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပူတာအို   ဒီဇင်ဘာ  ၂၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေး ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိဌာနများနှင့် လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ(၂၆)ရက် နံနက်(၁၀)နာရီက ပူတာအိုခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးသန်းအောင်ကျော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ၂၀၂၁-ခုနှစ် ဩဂုတ်လမှစ၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ၂၀၂၂-ခုနှစ်၊ မေလအတွင်း ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်း၍ ၂၀၂၂-ခုနှစ်၊ စက်တင်ဘာလမှစ၍ လစဉ်တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ပူတာအိုခရိုင်(၅)မြို့နယ် အတွင်းရှိ ဥပဒေနှင့်အညီ နေထိုင်သည့် လူဦးရေစာရင်းကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေး ခြင်း(Cross Check)ဆောင်ရွက်ခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ် နှင့်အထက်ထပ်နေသည့် လူဦးရေစာရင်းရှိနေသည်ကိုတွေ့ရှိရသဖြင့် သက်ဆိုင်ရာ ဌာနက ဥပဒေနှင့်အညီ ပြင်ဆင်တည့်မတ်ပေးရန် လိုအပ်ကြောင်းနှင့် မဲစာရင်းမှန်ကန်ရေးအတွက် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား မှာကြားသည်။

ဆက်လက်၍ ပူတာအိုခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ဧပရယ်စိုးက ပူတာအိုခရိုင်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဗိုလ်မြင့်တို့က မဲစာရင်းများ မှန်ကန်စေရေး လူဦးရေစာရင်းများ အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးသန်းအောင်ကျော်က ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးသန်းအောင်ကျော်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲ အရာရှိ ဒေါ်ဧပရယ်စိုးနှင့်ပူတာအို၊မချမ်းဘော့၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ အရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)