မြစ်ကြီးနား ဒီဇင်ဘာ ၂၆
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တက္ကသိုလ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ သုတေသန (URC) စင်တာအပေါ်ထပ်တွင် ကျင်းပခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား ကျောင်းသူ (၇၈) ဦးတို့က စာစီစာကုံးပြိုင်ပွဲကို “လွတ်လပ်ရေး၏အနှစ်သာရ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကဗျာပြိုင်ပွဲကို “လွတ်လပ်ရေးအောင်လံမြူးလွင့်ချိန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲကို “လွတ်လပ်ရေးအမွေအမြဲတည်တံ့ပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း မွန်းတည့် ၁၂ နာရီအထိ ပါဝင်ဖြေဆိုခဲ့ကြသည်။
ပြိုင်ပွဲကျင်းပပြုလုပ်ရာသို့ မြစ်ကြီးနားတက္ကသိုလ် မြန်မာစာဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာစန္ဒာလွင်နှင့် ဆရာမများက ကြီးကြပ်စစ်မေးခဲ့ပြီး အဆိုပါပြိုင်ပွဲအား ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)