လိပ်သိုမြို့တွင် ခရစ္စမတ် အားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနား ပြုလုပ်

လိပ်သို  ဒီဇင်ဘာ  ၂၆                               

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် တောင်ငူကတ်သလစ်သာသနာ လိပ်သိုတိုက်နယ်၊ လိပ်သိုမြို့ မယ်တော်ဂူဝင်းတွင် ကရင်နှစ်သစ်ကူးနှင့် ခရစ္စမတ်ပွဲတော် ကာလဖိတ်ခေါ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ည(၆)နာရီအချိန်က ပြုလုပ်ကျင်းပရာ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် ဆုရအသင်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် လိပ်သိုမြို့ ယေဇူးရွှေနှလုံးတော်ဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. စောဒါညေးလယ်က အဖွင့်ဆုတောင်းခြင်းနှင့် ခရစ္စမတ် နှုတ်ခွန်းဆက်စကား ပြောကြားပေးပြီးနောက် တာဝန်ရှိသူများနှင့် တေးသံရှင်များက ခရစ္စမတ်တေးသီချင်းဖြင့် သီဆိုခဲ့ကြသည်။

ဆုချီးမြှင့်ပွဲတွင် ဘောလုံး-ဘောလီဘော-ပိုက်ကျော်ခြင်း၊ လွန်ဆွဲပွဲနှင့် ချောတိုင်တက်ပြိုင်ပွဲ များတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများရရှိကြသော မြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာ အသီးသီးမှ ပြိုင်ပွဲဝင်ဆုရ အသင်းများအား ဧည့်သည်တော်များနှင့် တာဝန်ရှိသူတို့က ဆုဖလားများနှင့် ငွေသားဆုများကို ဆုချီးမြှင့်ပေးပြီးနောက် လိပ်သိုဒေသခံ တေးသံ ရှင်များနှင့် ဖိတ်ကြားထားသော အနုပညာရှင်များက စင်တင် တေးဂီတဖျော်ဖြေပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)