ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရွှေပါးခတ်လုပ်ငန်းများ အလုပ်အကိုင်ရှားပါးမှုဖြစ်နေ

မန္တလေး၊ စက်တင်ဘာလ    ၂၃

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရွှေပါးခတ်လုပ်ငန်းများ အဓိကအားထားရသည့် ဘုရားများပိတ်ထားသဖြင့် ရွှေဆိုင်းလုပ်ငန်းလုပ်ကိုင်သောလုပ်ငန်းရှင်များနှင့် ရွှေပါးခတ်ပညာရှင်များ အလုပ်အကိုင်ရှားပါးမှုဖြစ်ပေါ်နေကြောင်း မျက်ပါးရပ်ရှိ ရွှေပါးခတ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
"လက်ရှိအခြေနေကတော့ ဘုရားတွေကပိတ်ထားတယ်။ ခရီးသွားလာလည်း ပိတ်ထားတယ်ဆိုတော့ ဘုရားတွေမှာ တင်ဒါမရှိတော့ ရွှေဆိုင်းအရောင်းဝယ် မဖြစ်ကြဘူး။ အလုပ်တွေလည်း အရောင်းဝယ်မဖြစ်တော့ ပါးတာပေါ့။ အခုဆိုရင်တော်တော်အလုပ်က နည်းပါတယ်။ အခုခတ်နေရတာလေးတောင်း နိဗ္ဗာန်ကုန်တွေ ဝယ်တဲ့ဥစ္စာလေးလောက်ဘဲခတ်နေရတာ။ ကိုဗစ်မဖြစ်ခင်တုန်းက ရွှေခတ်ပညာရှင်တွေ၊ ရွှေဆိုင်းကုန်သည် တွေရော တော်တော်ကြီးအလုပ်ဖြစ်တယ်။ ကိုဗစ်စဖြစ်ကတည်းက အလုပ်ကတစ်ဝက်လောက်ထိကျသွားတယ်။ အခုအချိန်မှာ ရွှေခတ်ကျောက်ဆိုင်တွေ တော်တော်များများက ပိတ်ထားသလောက်ကို ဖြစ်နေပြီ။ အခုလောလောဆယ်က နိဗ္ဗာန်ကုန်ရောင်းဆိုင်တွေ မှာတဲ့ ရွှေဆိုင်းကုန်သည်လောက်ဘဲ ခတ်နေရတာ။ ကျန်တဲ့ရွှေဆိုင်းကုန်သည် တော်တော်များများက နားနေတာတော်တော်ကြာပါပြီ။ " ဟု ရွှေဆိုင်းခတ်ဆရာ ဦးမြင့်က ပြောသည်။
ရွှေဆိုင်း (ရွှေမျက်ပါးခတ်) တစ်ထုတ်ဖြစ်လာစေရန် ရွှေလက်ဆန့်ခြင်း၊ အယား (အလျား) ပေါက်ခြင်း၊ ပစ (ရွှေအပါးစ) ခတ်ခြင်း၊ ပစစပ်ခြင်း၊ ရွှေခတ်ခြင်း၊ ရွှေပြင်ခြင်းစသည့်လုပ်ငန်းများကို အဆင့်ဆင့် အသေး စိတ် စနစ်တကျလုပ်ဆောင်ရကြောင်း သိရသည်။
" ကိုဗစ်စဖြစ်ကတည်းက အလုပ်တွေက ပါးသွားတာ။ အရင်တုန်းက ရွှေခတ်လုပ်ငန်းလုပ်တာ တစ်ရက်ကို ၁၅ ထုပ်ဝန်းကျင်းလောက် ရှိတယ်။ တစ်သောင်းကျော်နှစ်သောင်းလောက်ရတယ်။ အခုကျတော့ နှစ်ထုပ်၊ သုံးထုပ်ပေါ့။ သုံးထောင်လေးထောင်လောက်ဘဲ ရတော့တယ်။ အရင်က ဆိုင်မှာရှိတာ လူက ၁၄ ယောက်ပေါ့။ အခုအလုပ်ပါးတော့ လူတွေနားခိုင်းထားတယ်။ အခု ကိုဗစ်ဖြစ်တော့ ဒုက္ခတော့တွေ့တာပေါ့။ အရင်က စုဆောင်းထားတာလေးတွေ ရောင်းစားပေါင်စားနေရတာပေါ့။ " ဟု ရွှေဆိုင်းခတ်ပညာရှင် ဦးအေးကျော်က ပြောသည်။
မန္တလေး၊ မျက်ပါးရပ်တွင် ရွှေဆိုင်းခတ်လုပ်ငန်း ၂၀ ကျော်ရှိပြီး ရွှေဆိုင်းခတ်ပညာရှင် ၂၀၀ နီးပါးရှိကြောင်း၊ ရွှေဆိုင်းတစ်ဆိုင်းတွင် တစ်လက်မမှ နှစ်လက်မပတ်လည်အတိုင်းအတာအတွင်းရှိ ရွှေအလွှာပါးပါး အချပ်တစ်ချပ်ချင်းစီအား ရွှေလှောင်စက္ကူဖြင့် အဆင့်အဆင့် တစ်လွှာစီအုပ်မိုးထားရာ ရွှေလွှာအရွက် တစ်ရာပါဝင်ကြောင်း၊ ရွှေတစ်မတ်သားကို ရွှေခတ်ပါက ရွှေဆိုင်း ၈ဆိုင်း ( ရွှေလွှာအရွက်ရေ ၈၀၀) ဝန်းကျင် ရရှိကြောင်းသိရသည်။
 ထိပ်ထားနိုင်