မိုင်းကိုင် ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသားကျောင်းသူများ၏ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအ.ထ.က(မိုင်းကိုင်)မှ Grade- 5, Grade- 6, Grade- 7 ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စကားပုံဆက်ပြိုင်ပွဲအတွက် မြန်မာစကားပုံများ၏ အနက်အဓိပ္ပာယ်များကို ရှင်းပြခြင်း၊ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ပြီးနောက် အငယ်တန်းစာရေး ဒေါ်နန်းဖူးဆိုင်ဟွမ်က ရောင်စုံစာရွက်များဖြင့် စက္ကူအရုပ်ခေါက်နည်းများကိုသင်ကြားပေးကာ မြန်မာစကားပုံဆက်ယှဉ်ပြိုင်ခြင်း၊ တိရစ္ဆာန်အရုပ်၊သစ်သီးဝလံအရုပ် ကပ်ပြားများဖြင့် မှတ်ဉာဏ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ စက္ကူမီးပုံး၊ ပန်ကာ၊ စကြာပန်း စက္ကူအရုပ်ခေါက် ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ပြီးနောက် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးနံရံကပ်စာစောင်၊ ပိုစတာ၊ပန်းချီများ၊ ဓာတ်ပုံများနှင့် သုတ/ရသ စာအုပ်စာပေများပြပွဲပြခန်းကို ဆက်လက်ဖွင့်လှစ်ပြသရာ ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)