ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကွန်ဟိန်း   စက်တင်ဘာ  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌      ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် အသိပညာ ပေး လုပ်ငန်းများ  အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းအား     နေ့စဉ် ဆောင်ရွက်လျက်ရှိရာ      ကွန်ဟိန်းတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်နှင့် ပြည်ထောင်စုလမ်းမကြီး၊ လူသွားလူလာများသည့် လမ်းဆုံနေရာများ၌  ယမန်နေ့မွန်းလွဲ ၃ နာရီ အချိန်ခန့် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ခြင်းတွင်  လမ်းသွားလမ်းလာပြည်သူများ Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ Mask များ ဖြန့်ဝေပေးခြင်း၊ မြို့နယ်အတွင်း ဝင်ရောက်လာသည့် ယာဉ်များအား သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ထောက်ခံစာ၊ နေထိုင်ရာ မြို့နယ်ထောက်ခံစာ ပါ/မပါ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှုန်းမြင့်မားနေသည့် နေရာဒေသများမှ ပြန်လည်ဝင် ရောက်လာသူများ ရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေး အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်သူများသိရှိလိုက်နာရမည့် အသိပညာပေးလမ်းညွှန်ချက်များအား (မြန်မာ+ရှမ်း)နှစ်ဘာသာဖြင့် ကြေညာခြင်းများ ဆောင်ရွက်ခဲ့သည်။

ယင်းသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များ  ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)