ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ပါဝင်ဆင်နွှဲ

မြစ်ကြီးနား ဒီဇင်ဘာ ၂၄

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တစ်ပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ စတင်တာလွှတ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများစုပေါင်း၍ အား/ကာ တိုက်တန်းလမ်းမှ ရုံးကြီးလမ်းတစ်လျှောက်၊ ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း ပြည်သူ့အားကစားကွင်းအတွင်းသို့ဝင်ရောက်ကာ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ထို့နောက် ပြည်သူ့အားကစားကွင်းအတွင်း ကိုယ်လက်ကြံ့ခိုင်ရေး အတွဲအမှတ် (၁)နှင့် (၂) လေ့ကျင့်ခန်းနှင့် Fitness Dance အကတို့ဖြင့် စုပေါင်းလေ့ကျင်ခဲ့ကြကာ အားကစားကွင်းအတွင်း လမ်းလျှောက်ပွဲတက်ရောက်လာသူများအတွက် ပျော်ပွဲရွှင်ပွဲကစားပြိုင်ပွဲများကျင်းပပြုလုပ်ပေးပြီး အိမ်အသုံးအဆောင်ပစ္စည်းများကို ကံစမ်းမဲနှိုက်၍ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်နယ် (ပြန်/ဆက်)