မြစ်ကြီးနား ဒီဇင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာလာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ မဲစာရင်းများပြုစုရာ၌ ပြည့်စုံမှန်ကန်စေရန် လူဦးရေစာရင်းများ အပြန်အလှန်တိုက်ဆိုင် စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ကချင်ပြည်နယ်တာဝန်ခံ ဦးသန်းအောင်ကျော်က ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း များကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ မေလအတွင်းဆောင်ရွက်ပြီးစီးခဲ့ပြီး ရရှိလာသည့် စာရင်းများအပေါ်တွင် အခြေခံ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လစဉ်တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ကချင်ပြည်နယ် ၁၈ မြို့နယ်အတွင်းရှိ ဥပဒေနှင့်အညီနေထိုင်သည့် လူဦးရေစာရင်းကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင် စစ်ဆေးခြင်း (Cross Check) ဆောင်ရွက်ခဲ့ရာ တွေ့ရှိလာသည့် နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ်နှင့် အထက်ထပ်နေသည့် လူစာရင်းများရှိနေကြောင်း၊ အဆိုပါ ထပ်နေသည့်စာရင်းများကို သက်ဆိုင်ရာဌာနမှ ဥပဒေနှင့်အညီ ပြင်ဆင်တည့်မတ်ပေးရန် လိုအပ်ကြောင်းနှင့် မဲစာရင်းများမှန်ကန်စေရေးအတွက် ဌာနများက ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအား မှာကြားသည်။
ထို့နောက် ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီလင်းတို့က မဲစာရင်းများ မှန်ကန်စေရေး လူဦးရေစာရင်းများ အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများနှင့် စပ်လျဥ်း၍ ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ပြည်နယ်/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ မှ ရွေးကောက်ပွဲအရာရှိများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိရှိလိုသည်များမေးမြန်း ဆွေးနွေးကြရာ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ကချင်ပြည်နယ်တာဝန်ခံ ဦးသန်းအောင်ကျော်က ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)