ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား) ဆောင်းရာသီ အားကစားပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား ဒီဇင်ဘာ ၂၄

ကချင်ပြည်နယ် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်နေကြသည့် ဘာသာရပ်အသီးသီးမှ ကျောင်းသား/ ကျောင်းသူများအတွက် ဆောင်းရာသီ အားကစားပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက တက္ကသိုလ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြလုပ်ရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ဖွင့်လှစ်ပေးသည်။

အဆိုပါ နည်းပညာတက္ကသိုလ် ဆောင်းရာသီအားကစားပြိုင်ပွဲအဖြစ် အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ကျင်းပပြုလုပ် နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးက ဘာသာရပ်အလိုက် အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကြမည့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပညာရည်ပြည့်ဝသော ကျောင်းသား/ ကျောင်းသူများအပြင် အားကစားကဏ္ဍတွင်လည်း ထူးချွန်သော အားကစားသမားများ ဖြစ်လာစေရေး၊ မိမိတို့၏ မူလ ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် အင်ဂျင်နီယာကောင်းများ ဖြစ်လာစေရေးအတွက် ဘက်စုံထူးချွန် သည့် အင်ဂျင်နီယာများ ဖြစ်လာစေရန် ကြိုးစားကြရမည်ဖြစ်ကြောင်းတိုက်တွန်းမှာကြားသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ဒုတိယပါမောက္ခချုပ်ကိုယ်စား သင်တန်းရေးရာဌာန၊ ဌာနကြီးမှူး ဦးမျိုးမြင့်က အားကစားပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ကျောင်းသူလေးများက ပန်းပွားအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ ကြကာ အမျိုးသမီးဖူဆယ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် EC နှင့် EP အမျိုးသမီးအသင်းတို့၏ ယှဉ်ပြိုင် မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါဆောင်းရာသီ အားကစားပြိုင်ပွဲများအဖြစ် ဘာသာရပ်အလိုက်မေဂျာ(၄)ခုမှ အမျိုးသား ဘောလုံးအသင်း(၄)သင်း၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင်လည်း မေဂျာ(၄)ခုမှ အသင်း(၄)သင်းဖြင့်လည်းကောင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် အသင်း(၄)တို့ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဆုရ အသင်းများအား ဆုများကို ထိုက်ထိုက် တန်တန် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်