နောင်ချို စက်တင်ဘာ ၂၃
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေး ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများမှ အလှည့်ကျစနစ်ဖြင့် နောင်ချိုမြို့အဝင် စစ်ဆေးရေးဂိတ်တွင် အနယ်နယ်အရပ်ရပ်မှ ဝင်ရောက် ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား နေ့စဉ်ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များ ရပ်တန့်စေ၍ ခရီးသွားများအား ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးပေးခြင်း၊ ခရီးသွား ရာဇဝင်များရယူခြင်း၊ မြို့နယ်အတွင်းနေထိုင်သူများ ပါရှိပါက နေထိုင်သည့် နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ရယူစိစစ်ပြီးမှ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း ဖြတ်သန်းသွားလာသော ပြည်သူများ၊ ယာဉ်မောင်းများမှလည်း ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။
နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းများ၊ လူမှုရေးအသင်းအဖွဲ့များက အလှည့်ကျတာဝန်ယူ၍ နေ့စဉ်နံနက် (၆)နာရီမှ ည (၁၀)နာရီအထိ စစ်ဆေးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)